ရိုးမဘဏ် ချေးငွေနှင့် စုငွေလုပ်ငန်းများ ပြန်လုပ်ခွင့်ရတော့မည်  

Posted by leader


မြန်မာစစ်အစိုးရက ငွေလွှဲလုပ်ငန်းတခုတည်းကိုသာ လုပ်ခွင့်ပေးထားသည့် ရိုးမဘဏ်၏ လုပ်ငန်း များကို ယခုနှစ်မကုန်မီ အပြည့်အ၀ လုပ်ကိုင်ခွင့်ရတော့မည်ဟု ရိုးမဘဏ် မန်နေဂျာတဦးက ပြောသည်။ မြန်မာစစ်အစိုးရက ပြည်တွင်းပုဂ္ဂလိကဘဏ်များကို ငွေကြေးခ၀ါချမှုနှင့် စပ်လျဉ်းပြီး စစ်ဆေးမှုများ ပြုလုပ်ပြီးနောက်ပိုင်း အာရှဓနဘဏ်၊ မြန်မာမေဖလားဝါးဘဏ်၊ မြန်မာယူနီဗာဆယ်ဘဏ်များ ရပ် နားခဲ့ရသည်။ ထိုစဉ်က ရပ်နားထားခဲ့သည့် ချေးငွေနှင့် စုငွေလုပ်ငန်းများကို ယခု ပြန်လည်လုပ်ကိုင် ခွင့်ရတော့မည်ဖြစ်သည်ဟု အဆိုပါ ဘဏ်မန်နေဂျာက ပြောသည်။


၎င်းက “ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာနမှာ ရိုးမဘဏ်က Deposit (အပေါင်သဘော) သိန်း (၃,၀၀၀) တင်ထားပေမယ့် လုပ်ငန်းအားလုံး လုပ်ပိုင်ခွင့်မပေးဘဲ ထားတယ်လေ။ ဘဏ်ဒါရိုက် တာတွေကတော့ ပြန်လည်လုပ်ပိုင်ခွင့်အမိန့်ကို လိုလားစောင့်မျှော်နေကြတာပေါ့” ဟု ပြောသည်။

ပုဂ္ဂလိကဘဏ်တခုအနေဖြင့် ဘဏ်လုပ်ငန်းများ လုပ်ကိုင်နိုင်ရန်အတွက် ငွေလက်ခံခြင်း၊ ငွေထုတ် ချေးခြင်း ပမာဏကို ဗဟိုဘဏ်တွင် Deposit တင်ထားရခြင်းဖြစ်သည်။

ရိုးမဘဏ်အနေဖြင့် ယင်းသို့ Deposit တင်ထားသော်လည်း လုပ်ငန်းအပြည့်အ၀ လုပ်ကိုင်ခွင့်မရ ခြင်းမှာ ဘဏ်လုပ်ငန်းတွေကို မြန်မာနိုင်ငံရှိ ထူးကုမ္ပဏီအကြီးအကဲ ဦးတေဇအား လွှဲပြောင်းပေး လို၍ ဖြစ်နိုင်ကြောင်း ရိုးမဘဏ်၏ အစုရှယ်ရာပိုင်ရှင်တဦးက ပြောသည်။

၎င်းက “ရိုးမဘဏ်ကို နအဖက တေဇကို လွှဲပေးချင်နေလို့ ဘဏ်ရဲ့လုပ်ပိုင်ခွင့်တွေကို အပြည့် မပေးတာ၊ ငွေလွှဲတခုတည်းနဲ့ ရပ်တည်နေရတဲ့အတွက် အရှုံးပေါ်ပြီး ဘဏ်လုပ်ငန်း ရပ်သွား အောင် Deposit ချမပေးတာဖြစ်တယ်” ဟု ပြောသည်။ အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ဦးတေဇအား ဆက်သွယ်မေးမြန်းရန် ကြိုးစားသော်လည်း တယ်လီဖုန်း အဆက်အသွယ်မရခဲ့ပေ။

ရိုးမဘဏ်အနေဖြင့် ငွေလွှဲလုပ်ငန်းတခုတည်းကိုသာ လုပ်ကိုင်ခွင့်ရသော်လည်း မြန်မာတနိုင်ငံ လုံးတွင် ငွေလွှဲဘဏ်လုပ်ငန်းများကို အများဆုံး ဆောင်ရွက်နိုင်သောကြောင့် အရှုံးမရှိ ရပ်တည် နေကြောင်းသိရသည်။

“ရန်ကုန်မှာ ရိုးမဘဏ် (၁၄) ဘဏ်ရှိတယ်။ ဘဏ်ခွဲ (၃) ခုလောက်ကတော့ ရှုံးတယ်၊ ဒါပေမယ့် တနိုင်ငံလုံး (၄၂) ဘဏ်ရှိရာမှာ ရှုံးတဲ့ဘဏ်က ဆယ်ဂဏန်းတောင်မရှိလို့ မြတ်တဲ့ဘဏ်အရေ အတွက်က ပိုများပါတယ်။ ဒါကြောင့်ရိုးမဘဏ်ဟာ မယိုင်မလဲဘဲ ဆက်သွားမှာပါ” ဟု အဆိုပါ အစုရှယ်ယာပိုင်ရှင်က ဆက်လက်ပြောသည်။

ရိုးမဘဏ်သည် မြန်မာနိုင်ငံတွင် ဘဏ်ခွဲအများဆုံးရှိသည့် ဘဏ်ဖြစ်ပြီး First Myanmar Investment Co. Ltd (FMI) က ၁၉၉၃ ခုတွင် စတင်တည်ထောင်ခဲ့ပြီး ယခုအခါ ဘဏ်သက်တမ်း (၁၅) နှစ်ပြည့်ပြီဖြစ်သည်။

ဥပဒေအကျိုးဆောင်တဦးကမူ “ဘဏ်ရဲ့ဥက္ကဋ္ဌ ဦးသိမ်းဝေက တည်ငြိမ်တယ်၊ သူရဲ့ရည်ရွယ်ချက်နဲ့ သူ ရပ်တည်တယ်၊ သူများလို နအဖကို ဖားနေသူမဟုတ်ဘူး။ ဘယ်သူ့ဘက်ကမှလည်း မပါဘူး။ ဘဏ်လုပ်ငန်းနဲ့ ပြည်သူကိုအကျိုးပြုချင်တဲ့ ဆန္ဒရှိသူတယောက်ပါ၊ စီးပွားရေးလုပ်ငန်းဆိုပေမယ့် မျှတပါတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် အကြီးဆုံးဘဏ်၂ ခုဖြစ်သည့် အာရှဓနနှင့် မြန်မာမေဖလားဝါးတို့ကို အမေရိကန် အစိုးရက မူးယစ်ဆေးဝါးမှရသည့် ငွေမဲများကို ငွေဖြူအဖြစ် ခ၀ါချရာတွင် ပါဝင်ပတ်သက်မှုရှိ ကြောင်း ၂၀၀၃ ခု ဒီဇင်ဘာတွင် စွပ်စွဲခဲ့ပြီးနောက်ပိုင်း စစ်အစိုးရက ဘဏ်များကို စစ်ဆေးမှုများ ပြုလုပ် ရပ်နားခဲ့ခြင်းဖြစ်သည်။

ယင်းသို့ ပုဂ္ဂလိကဘဏ်များကို စစ်ဆေးခဲ့ရာတွင် ရိုးမဘဏ်၌ ငွေမည်းများ တွေ့ရှိခြင်းမရှိခဲ့သည့် အတွက် အစိုးရက ဘဏ်လုပ်ငန်းကို ရပ်နားခြင်းမရှိခဲ့သော်လည်း ငွေလွှဲလုပ်ငန်းတခုတည်းကိုသာ လုပ်ခွင့်ပေးခဲ့ခြင်းဖြစ်သည်။ မည်သည့်အတွက် ယခုကဲ့သို့ ငွေလွှဲလုပ်ငန်းတခုတည်းကိုသာ လုပ်ခွင့် ပေးထားသည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရပေ။ ။

This entry was posted on Wednesday, August 20, 2008 at Wednesday, August 20, 2008 . You can follow any responses to this entry through the comments feed .

0 comments

Post a Comment